Activities / TB IC GL
တီဘီရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ခြင်း (Infection Control)
ဆေးယဥ်ပါးသောတီဘီရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ခြင်းမှာ သာမန်တီဘီရောဂါ ကူးစက်မှု ထိန်းချုပ်ခြင်းနှင့်ကွာခြားချက်မရှိပါ။ တီဘီရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ခြင်းတွင် အပိုင်း (၃) ပိုင်းရှိပါသည်။
(က) အုပ်ချုပ်ရေးနည်းလမ်းဖြင့် ကူးစက်ပျံ့နှံ့ခြင်းကိုထိန်းချုပ်ခြင်း (Administrative Control)
(ခ) ပတ်ဝန်းကျင် လေထုမှကူးစက်ခြင်းကိုထိန်းချုပ်ခြင်း (Environmental Control)
(ဂ) အသက်ရှူလမ်းကြောင်းမှကူးစက်ခြင်းကိုထိန်းချုပ်ခြင်း (Personal Protection)
(က) အုပ်ချုပ်ရေးနည်းလမ်းဖြင့် ကူးစက်ပျံ့နှံ့ခြင်းကိုထိန်းချုပ်ခြင်း (Administrative Control)
ဤနည်းလမ်းသည် အဓိကကျသော ထိန်းချုပ်ခြင်းဖြစ်ပါသည်။ တီဘီရောဂါသံသယရှိသူ များကို စောစီးစွာရောဂါရှာဖွေဖော်ထုတ်ခြင်း၊ တီဘီရောဂါမရှိသူအားသီးခြားခွဲထားခြင်းနှင့် တီဘီ ရောဂါ ဖြစ်ပွားသူများကိုစောစီးစွာကုသပေးခြင်းတို့ဖြစ်သည်။
(ခ) ပတ်ဝန်းကျင် လေထုမှကူးစက်ခြင်းကိုထိန်းချုပ်ခြင်း (Environmental Control)
အထက်ပါထိန်းချုပ်ခြင်းတွင် သဘာဝလေတိုက်ခြင်းကို အကျိုးရှိစွာအသုံးချခြင်း (Natural Ventilation)နှင့်လိုအပ်သောနေရာတွင်အခြားနည်း (Mechanical Ventilation) ကိုအသုံးချ ခြင်းဟူ၍ ရှိပါသည်။
သဘာဝလေတိုက်ခြင်းသည်ငွေကြေးကုန်ကျခြင်းမရှိသောနည်းလမ်းဖြစ်ပါသည်။ နေရောင်ခြည်သည် ရောဂါပိုးများကို သေစေနိုင်ပါသည်။ ပြတင်းပေါက်များကို အမြဲဖွင့်ထားရန်နှင့် လေတိုက်သောအရပ်ကိုတားဆီးပိတ်ပင်ခြင်းမပြုရန်ဆောင်ရွက်ရပါမည်။
သဘာဝလေမရလျှင် ပန်ကာဖွင့်ခြင်း၊ လေအေးစက် (Air Condition) ပေးခြင်းနှင့် ၄င်းလေကို ထုတ်ပစ်သော Exhaust Fan များတပ်ပြီး၊ အခန်းတွင်းရှိလေထုအမြဲလည်ပတ်အောင် ဆောင်ရွက်ရမည်။
*Ultra violet light များ အသုံးပြု၍လည်း ဆောင်ရွက်နိုင်ပါသည်။
(ဂ) အသက်ရှူလမ်းကြောင်းမှကူးစက်ခြင်းကိုထိန်းချုပ်ခြင်း (Personal Protection)
ဤနည်းလမ်းမှာ လူတစ်ဦးမှတစ်ဦးရောဂါမကူးစက်ရန် အသက်ရှူလမ်းကြောင်းကာကွယ်မှု စနစ်သုံးခြင်း (သို့မဟုတ်) N95 နှာခေါင်းစည်းများတပ်ဆင်ခြင်း ဖြစ်ပါသည်။ ရိုးရိုးနှာခေါင်းစည်းများ (Surgical mask) မှာ ရောဂါကူးစက်ခြင်းကိုမကာကွယ်နိုင်ပါ။ ကျန်းမာရေးဝန်ထမ်းများသည် N95 Respirator တပ်ဆင်ပြီး၊ အလုပ်လုပ်ရပါမည်။ N95 respirator သည် သုံးစွဲသူ၏မျက်နှာနှင့် သင့်တော် သောအရွယ်အစားဖြစ်ရမည်။ချောင်နေခြင်းမရှိရပါ။
လူနာများအနေဖြင့် ရိုးရိုးနှာခေါင်းစည်းကိုတပ်ဆင်ရပါမည်။ နှာခေါင်းစည်းများကို ပိုးသတ် ဆေးနှင့်သေချာစွာလျှော်ဖွတ်ပြီးမှပြန်သုံးရပါမည်။ ချောင်းဆိုးလျှင်တစ်ဖက်သို့လှည့်ပြီး၊ နှာခေါင်းနှင့် ပါးစပ်ကိုလက်ကိုင်ပဝါဖြင့်အုပ်၍ ချောင်းဆိုးရန် လူနာများကို ညွှန်ကြားထားရမည်။ လက်ကိုင်ပဝါ မရှိပါကအနည်းဆုံး နှာခေါင်းနှင့်ပါးစပ်ကို လက်မောင်းကွေး၍အုပ်ပြီး ချောင်းဆိုးရမည်။