Activities / ကျန်းမာရေးပညာပေးခြင်း
၁။ကျန်းမာရေးပညာပေးခြင်း (Health Education)
ကျန်းမာရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါ၀င်လှုပ်ရှားမှုသည် များစွာအရေးပါသဖြင့် ပြည်သူလူထုအား ကျန်းမာရေးပညာရေးပေးခြင်းသည်လည်း အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်ပါသည်။
၁-၁။ ကျန်းမာရေးပညာပေးရခြင်း၏ ရည်ရွယ်ချက်များ
(၁) ပြည်သူလူထုသည်တီဘီရောဂါအကြောင်းသိရှိ ယုံကြည်လိုက်နာဆောင်ရွက်တတ်စေရန်၊
(၂) တီဘီသံသယလက္ခဏာခံစားနေရသော မကျန်းမာသူများ မိမိတို့၏ ဆန္ဒအလျောက် ကျန်းမာရေးဌာနသို့ ရောဂါ ရှိ/မရှိ ဆောလျင်စွာ ရှာဖွေတွေ့ရှိနိုင်ရန်၊ ညွှန်းပို့နိုင်ရန်၊
(၃) လူနာက စနစ်တကျ ဆေးကုသ၍ ပြီးဆုံးသည်အထိ ကုသမှုခံယူစေရန်၊
(၄) လူနာ၏မိသားစု အထူးသဖြင့် (၅)နှစ်အောက် ကလေးငယ်များအား တီဘီရောဂါကူးစက် မှုမှ ကာကွယ်ရန်၊
(၅) လူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန်၊
၁-၂။ ကျန်းမာရေးပညာပေးရာတွင် အသုံးပြုမည့် Media များ
ကျန်းမာရေးပညာပေးရာတွင် ထိရောက်မှုရှိစေရန်အောက်ပါ Media တို့ကို အသုံးပြုသင့်သည်။
(၁) လက်ကမ်းစာစောင်များ
(၂) ကြော်ငြာဆိုင်းဘုတ်များ
(၃) မဂ္ဂဇင်း
(၄) ရေဒီယို
(၅) ရုပ်မြင်သံကြားနှင့် ဗွီဒီယိုခွေများ
(၆) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Web Page
(၇) BHSP ၏ Tablet များ
၁-၃။ နှစ်သိမ့်ဆွေးနွေးပညာပေးရာတွင် ကောင်းမွန်သော ဆက်ဆံရေးကျွမ်းကျင်မှုကို အသုံးပြုခြင်း
တီဘီရောဂါအကြောင်း အသိပညာပေးရန်နှင့် လူနာသည်ဆေးကုသစဥ် မပျက်မကွက် ဆေးကုသ မှုခံယူရန်အတွက် ကျန်းမာရေး၀န်ထမ်းမှ ကောင်းမွန်စွာ ပြောဆိုဆက်ဆံရန် လိုအပ်သည်။ဖော်ပြပါ ပြောဆိုဆက်ဆံမှု နည်းလမ်းများကို အသုံးပြုပါ။
(၁) မေးခွန်းမေး၍ အဖြေနားထောင်ပါ။
(၂) ဂရုစိုက်သော၊ အလေးထားသော အမူအယာကိုပြသပါ။
(၃) လူနာကို အားပေးပါ။
(၄) စကားကို ရိုးရိုးရှင်းရှင်းပြောပေးပါ။
(၅) သိလိုသည်များမေးရန် လူနာကိုလမ်းကြောင်းပေးပါ။
(၆) ဆန်းစစ်သော မေးခွန်းများကိုမေးပါ။
တီဘီရောဂါနှင့်ပတ်သက်၍ လူနာအမျိုးမျိုးအတွက် လိုအပ်သော အသိပညာပေးြခင်းများ ပြုလုပ်သွားရမည်။ လူနာသည် တီဘီရောဂါနှင့်ပတ်သက်၍ လက်ရှိမည်မျှ သိနားလည်သည်ကို မေးခွန်း မေး၍ ဆန်းစစ်ပါ။ ပြီးနောက် မှားယွင်းသော အယူအဆများကို ပယ်ဖျက်နိုင်ရန် လိုအပ်သော အသိပညာ ထပ်ပေးပါ။
၁-၄။ ကျန်းမာရေးပညာပေးဟောပြောခြင်း
လူနာနှင့် လူနာ၏မိသားစုကို ဆေးရုံ၊ ဆေးပေးခန်း (သို့) လူနာ၏အိမ်၌ တစ်ယောက်ချင်း (သို့မဟုတ်) အုပ်စုလိုက် ဟောပြောနိုင်သည်။
လူနာနှင့် ပထမအကြိမ်တွေ့ဆုံရာတွင် အောက်ပါအချက်များကို ရှင်းလင်းဆွေးနွေးရမည်။
(၁) တီဘီရောဂါဆိုသည်မှာဘာလဲ။
(၂) တီဘီရောဂါ၏ လက္ခဏာများ (ဥပမာ -(၂)ပတ်ကျော်ကြာအောင် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ ကိုယ်ခန္ဓာတဖြည်းဖြည်း ပိန်ချုံးလာခြင်း၊ သလိပ်တွင်သွေးပါခြင်း၊ ကိုယ်အပူချိန်တငွေ့ငွေ့တက်ခြင်းနှင့် ကျောရင်အောင့်ခြင်း စသည်တို့ဖြစ်ပါသည်။
(၃) တီဘီရောဂါကို မည်သည့်ဆေးဝါး များဖြင့် ကုသမည်၊ မည်မျှကြာအောင် ကုသရမည်။
(၄) ဆေးကုသမှုကာလတလျှောက်လုံး တိုက်ရိုက်ကြည့်ရှုဆေးတိုက်ကျွေးခြင်း ခံယူရန် လိုအပ် ပုံတို့ကို ရှင်းလင်းပြောကြားရမည်။
(၅) တီဘီရောဂါကူးစက်ပုံနှင့် မကူးစက်အောင် မည်သို့ကာကွယ်မလဲ။
အောက်ပါအချက်အလက်များကို တဆက်တည်းရှင်းပြရမည်။
(၁) ညွှန်ကြားထားသော ဆေးအမျိုးအစားများနှင့်အရောင်၊
(၂) ဆေးပြားအရေအတွက်မည်မျှနှင့် အကြိမ်မည်မျှသောက်ရမည့်အကြောင်း၊ မည်မျှ ကြာအောင် သောက်ရမည့်အကြောင်း၊ ထိုနည်းတူစွာ ဆေးထိုးရလျှင် မည်မျှကြာအောင် နှင့် မည်သို့ထိုးရမည့်အကြောင်း၊
(၃) စားဆေး၊ ထိုးဆေးများကြောင့် ရရှိနိုင်သောဆေး၏ဘေးထွက်ဆိုးကျိုးများ၊ ၄င်းတို့ ခံစားရခြင်းမှ သက်သာအောင် မည်သို့လုပ်ဆောင်ရမည့်အကြောင်း၊
(၄) သလိပ်မှန်မှန်စစ်ဆေးရန် အရေးကြီးပုံ၊ အကြိမ်မည်မျှစစ်ရမည်၊ မည်သည့်အချိန်တွင် စစ်ရမည်၊ သလိပ်စစ်ဆေးရရှိသည့် အဖြေများ၏အဓိပ္ပါယ်၊
(၅) အကယ်၍ ညွှန်ကြားထားသည့် ဆေးအားလုံးမသောက်ဘဲ၊ အချို့သာသောက်ခဲ့လျှင် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များအကြောင်း၊
(၆) ခရီးသွားလိုလျှင်လည်းကောင်း၊ အခြားမြို့နယ်သို့ ပြောင်းရွှေ့သွားလိုလျှင်သော်လည်း ကောင်း၊ မသွားမီတိုက်ရိုက်ကြည့်ရှုဆေးတိုက်ကျွေးသူနှင့် မြို့နယ်တီဘီဌာနကို ကြိုတင် အကြောင်းကြားရန်၊
(၇) HIV ရောဂါအကြောင်းတို့ကို အသိပေးပြောကြားရမည်။
(၈) ဆီးချို၊ သွေးချိုရောဂါအကြောင်းကို ပြောကြားရမည်။
ထိုသို့ ကျန်းမာရေးအသိပညာပေးခြင်းကို လူနာ၊ လူနာ၏မိသားစုအား အလျဥ်းသင့်သလို ကျန်းမာရေးဌာနသို့ လူနာလာရောက်တိုင်း ပြုလုပ်ရမည်။
၁-၅။ ဆေးကုသမှုကာလတလျှောက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း စဥ်ဆက်မပြတ်ပြုလုပ်ရန်
တီဘီလူနာကို ပထမဦးဆုံးတွေ့ဆုံပြီးနောက် နောက်ထပ်ဆေးကုသမှုလာတိုင်း သင့်တော်သော နှစ်သိမ့်ဆွေးနွေးပညာပေးရပါမည်။ ဤသို့ ကျန်းမာရေးပညာပေးရာ၌ ကောင်းမွန်၍ လိမ္မာကျွမ်းကျင် သောဆက်ဆံမှုဖြင့် ပြောဆိုရမည်။ ဥပမာ – မေးခွန်းမေးခြင်း၊ လူနာအား ဂရုစိုက်သော အပြုအမူပြခြင်း၊ အားပေးခြင်းနှင့် စကားများ ရှင်းလင်းစွာ ပြောဆိုခြင်းတို့ဖြစ်သည်။ တစ်ကြိမ်တည်းနှင့် သတင်းအချက် အလက်များစွာ ထည့်သွင်း၍ မပြောသင့်ပေ။
ကုသမှုကာလအစပိုင်းတွင် တီဘီရောဂါအကြောင်းနှင့် တီဘီရောဂါပျံ့နှံ့ပုံကို လူနာအား ပညာပေးရန် လိုအပ်ပါသည်။
လူနာ၏မိသားစု၀င်များတွင် သံသယ တီဘီလက္ခဏာများရှိပါက ကျန်းမာရေးစစ်ဆေးရန် ခေါ်လာဘို့ လည်း သတိပေးရပါမည်။
ကုသမှုကာလအစပိုင်းတွင် တီဘီဆေး၀ါးများ၏ ဘေးထွက်ဆိုးကျိုးများကို အသိပညာပေးခြင်း သည်လည်း အရေးကြီးပါသည်။ ဆေးဆက်လက်သောက်ရန် အားပေးခြင်းနှင့်အတူ သလိပ်ပြန်လည် စစ်ဆေးခြင်းအတွက် ရှင်းပြရန်လိုအပ်သည်။ ရောဂါသက်သာလာသဖြင့် ဆေးဆက်လက် ကုသခြင်း၏ အကျိုးကျေးဇူးနှင့် မိမိသဘောဖြင့် ဆေးကုရပ်ခြင်း၏ ဖြစ်လာမည့်အန္တရာယ်ကို လူနာအား အလေး အနက် ပြောကြားပေးရမည်။ ဆေးသောက်ရန် တစ်ရက်ပျက်ကွက်ခဲ့လျှင် (သို့) မသောက်ချင် စိတ်ဖြစ် ပေါ်ခဲ့လျှင် အကြောင်းရင်းရှာဖွေ၍ လူနာအား ဆေးဆက်လက်သောက်ရန်အားပေးပြီး ပြဿနာရှိပါက လည်း လိုအပ်သလို ကူညီဖြေရှင်းပေးရမည်။
ဆေးကုသမှုကာလတလျှောက်လုံးတွင် အောက်ဖော်ပြပါ အကြောင်းအရာများကို နှစ်သိမ့် ဆွေးနွေး ပညာပေးရမည်။
ဆေးကုသမှုကာလတွင် ကနဦးကြပ်မတ်ကုကာလမှ ဆက်လက်ကုကာလသို့ ပြောင်းသောအခါ ဆက်လက်သောက်ရမည့် ဆေးတွဲနှင့်ပတ်သက်၍ အသေးစိတ်လူနာအား ရှင်းပြရပါမည်။ (ဥပမာ-ဆေးအရောင်၊ အမျိုးအစား၊ သောက်ရမည့်ပမာဏ၊ အကြိမ်အရေအတွက်နှင့်ကာလ) ဆက်လက် ဆေးကုသခံယူခြင်း၏ အရေးပါမှုကို အထူးမှာကြားပေးရမည်။ ရောဂါပျောက်ရန်အတွက် လူနာသည် သတ်မှတ်ထားသောအချိန်အတွင်း သတ်မှတ်ထားသောဆေးများကို တစ်ပေါင်းတည်း သောက်သင့်သည်။ ရောဂါခံစားနေရာမှ သက်သာလာပြီးသည့်တိုင်အောင် သတ်မှတ်ထားသော ကာလပြီးဆုံးသည်အထိ ဆေးဆက်လက်သောက်ရမည်ကို လူနာအား အသိပေးရမည်။
ဆေးကုသမှုကာလအတွင်း လူနာသည် သလိပ်ပြန်လည်စစ်ဆေးရန်အတွက် လူနာအား သတိပေး ရာ၌ သလိပ်တွင် တီဘီပိုးရှိနေသေးခြင်း၊ သလိပ်ပိုးနည်းသွားခြင်း၊ လုံး၀မတွေ့ရှိခြင်းဖြင့် ဆေးကုသမှု ကြောင့် လူနာ၏အခြေအနေ ပိုမိုကောင်းမွန်လာမှုကို သိရှိနိုင်ကြောင်း၊ သလိပ်စစ်ဆေးမှု အကြိမ်တိုင်း၌ သလိပ်စစ်ဆေးရန် လိုအပ်ကြောင်း ရှင်းပြရပါမည်။ အကယ်၍ ကနဦးကြပ်မတ်ဆေးကု ကာလ(၂)လပြီး သည့်တိုင်အောင် သလိပ်၌ တီဘီပိုးရှိသေးလျှင် လူနာ၏ ဆေးကုသမှုကာလကို လိုအပ်သလို ပြောင်းလဲ ကုသပေးရမည်ဖြစ်၍ အရေးကြီးကြောင်း ရှင်းပြရမည်။ ရောဂါပျောက်ကင်းပြီဟု သတ်မှတ်ရန်လည်း သလိပ်ပြန်လည် စစ်ဆေးမှုအဖြေများပေါ် မူတည်ကြောင်း လူနာကို အသိပေးရမည်။
၁-၆။ ပြည်သူလူထုအား ကျန်းမာရေးပညာပေးခြင်း
ကျန်းမာရေးပညာပေးခြင်းကို ကျောင်း၊ အစည်းအဝေးပွဲများ၊ အစိုးရအဖွဲ့အစည်းမဟုတ်သော အသင်းအဖွဲ့များ၏ အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲများ (ဥပမာ- မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်း) စသည်တို့တွင် ဟောပြောပို့ချနိုင်သည်။
ပြည်သူလူထုအား တီဘီရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးရာ၌ အောက်ပါအကြောင်း အရာ အချက်အလက်များ ပါ၀င်စေရမည်။
- တီဘီရောဂါသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ကြောင်း၊
- မျိုးရိုးလိုက်သော ရောဂါမဟုတ်ကြောင်း၊
- တီဘီရောဂါကူးစက်ပျံ့ပွားပုံအကြောင်း၊
- တီဘီရောဂါကူးစက်မှုမှ ကာကွယ်ရန် နည်းလမ်းများ၊
- တီဘီရောဂါသည် ကုသ၍ပျောက်ကင်းသော ရောဂါဖြစ်ကြောင်း၊
- တီဘီသံသယလူနာအဖြစ် သတ်မှတ်ရန် အဓိကလက္ခဏာများအကြောင်း၊
- တီဘီသံသယလူနာ ရှာဖွေတွေ့ရှိပါက ညွှန်းပို့ရန်နေရာ၊
- တီဘီလူနာများအား အစွမ်းထက်သော တီဘီဆေးများဖြင့် မြို့နယ်တိုင်းတွင် အခမဲ့ကုသပေး နေကြောင်း၊
- တိုက်ရိုက်ကြည့်ရှုဆေးတိုက်ကျွေးခြင်း၏ အရေးပါပုံအကြောင်း၊
- တီဘီလူနာများအား ဆေးမှန်မှန်သောက်စေရန်အတွက် ပံ့ပိုးကူညီပေးရန်၊
- ညွှန်ကြားထားသည့်အတိုင်း မသောက်ဘဲ ဆေးကိုချန်၍ သောက်လျှင်သော်လည်းကောင်း၊ မကြာခဏ ဆေးသောက်ပျက်ကွက်နေလျှင်လည်းကောင်း၊ ဆေးယဥ်ပါးသည့်ပြဿနာဖြင့် ရင်ဆိုင် ရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြား ရမည်။
- HIV နှင့် တီဘီအကြောင်း ပညာပေးရမည်။
- ဆီးချို၊ သွေးချိုအကြောင်းပညာပေးရမည်။
၁-၇။ တီဘီလူနာ၊ ၎င်း၏မိသားစုနှင့် အတူနေသူများအား ငုတ်လျှိုးတီဘီကုသခြင်း၊ HIV နှင့် TB ရောဂါအကြောင်း အသိပညာ ပေးခြင်း
သတ်မှတ်တီဘီ/ပိုးတွေ့လူနာနှင့် အတူနေ ၅နှစ်အောက် ကလေးများကို တီဘီရောဂါရှိ/မရှိ စစ်ဆေးပြီး ရှိပါက တီဘီဆေးကုသခြင်း၊ မရှိပါက ငုတ်လျှိုးတီဘီ ကုသခြင်း၏ အရေးပါပုံကို အသိပညာပေးရပါမည်။
တီဘီလူနာ၊ သူ၏မိသားစုနှင့် အတူနေသူများကို HIV ကူးစက်မှုအန္တရာယ်၊ တီဘီရောဂါ နှင့် HIV နှီးနွယ်ဆက်စပ်မှု၊ HIV ရောဂါပိုးကူးစက်မှုမှ ကာကွယ်နည်းများကို အသိပညာပေးရမည်။
HIV အကြောင်း အသိပညာပေးခြင်း
- HIV ပိုးရှိနေသော လူနာတစ်ယောက်သည် အခြားသူများထက် တီဘီရောဂါဖြစ်ရန် အလားအလာ ရှိကြောင်း၊
- HIV ပိုးရှိနေသော လူနာတွင် တီဘီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း၊
- HIV ပိုးကူးစက်နိုင်သော နည်းလမ်းများ၊ မကူးစက်နိုင်သော နည်းလမ်းများအကြောင်း ရှင်းပြ၍ မိမိတွင် အန္တရာယ်ရှိသော အပြုအမူများရှိပါက ကူးစက်ခံရခြင်းမရှိရန်၊ ကာကွယ်မှုများ (ကွန်ဒုံး) အသုံးပြုရန်၊ အမူအကျင့်များ ပြောင်းလဲရန် လိုအပ်ကြောင်း၊
- တီဘီရောဂါဖြစ်နေသူသည် HIV ပိုး ရှိ/မရှိ အခြေအနေကိုသိခြင်းဖြင့်
- မိမိမှမိသားစုသို့ ရောဂါပျံ့ပွားကူးစက်မှုကို ကာကွယ်နိုင်ခြင်း၊ အခြားသောနောက်ဆက်တွဲ ရောဂါများကို ကာကွယ်ကုသမှု ရရှိနိုင်ကြောင်း၊
- မိမိ၏မိသားစုနှင့် ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြိုတင်စီစဥ် နိုင်ကြောင်း၊
- HIV/AIDS အတွက်လည်း ဆေးကုသမှုခံယူနိုင်ကြောင်း စသည်အကျိုးများ ကြောင့် HIV ရှိ/မရှိ သွေးစစ်ဆေးသင့်ကြောင်း ရှင်းလင်းနိုင်သည်။
- ဆီးချို၊ သွေးချိုအကြောင်းကို ရှင်းလင်းပြောကြားရမည် ဖြစ်ပြီး အသက် (၄၀)နှင့်အထက် တီဘီလူနာများကို ဆီးချိုရှိမရှိ စစ်ဆေးပေးရမည်။
၁-၈။ DOT- Supervisor နှင့် DOT- Provider က တီဘီလူနာနှင့် မိသားစုအား အသိပညာပေးခြင်း
တီဘီလူနာနှင့်တွေ့သည်အခါ ယခင်ကပြောခဲ့သော အကြောင်းအရာများကို ပြန်လည်မေးမြန်းပြီး လိုအပ်ပါက ထပ်မံပြောကြားပေးရမည်။ ထို့နောက် အောက်ပါတို့ကို ဆက်လက်ပြောကြားရမည်။
- ဆေးအမျိုးအစား၊ အရောင်၊ ပမာဏနှင့် သောက်ရမည့်အကြိမ်
- သောက်ရမည့် ဆေးပြားအရေအတွက်
- သောက်ရမည့်အချိန်
- ဆေး၏ ဘေးထွက်ဆိုးကျိုးများ
- ဆေးမှန်မှန်ကုသမှုခံယူခြင်း၏ အရေးပါမှု
- ဆေးကုသရမည့်ကာလ
- သလိပ်ြပန်လည်စစ်ဆေးရမည့်လများ
- ခရီးသွားရန် (သို့) နေရပ်ပြောင်းရွှေ့ရန် အစီအစဥ်ရှိခဲ့ပါလျှင် ကြိုတင်အသိပေးရန်
- အကယ်၍ လူနာသည် မိမိသဘောဖြင့် ဆေးကုသမှုကိုရပ်လျှင် (သို့) ဆေးအချို့ကိုသာသောက်ခဲ့ လျှင် ဖြစ်လာနိုင်ဖွယ်ရာများ
- မိသားစုနှင့် ပတ်၀န်းကျင်သို့ ရောဂါမကူးစက်ရန် ကာကွယ်သောနည်းလမ်းများ
- မိသားစုအတွင်း တီဘီရောဂါလက္ခဏာများ ခံစားလာရလျှင် နီးရာကျန်းမာရေးဌာနတွင် စစ်ဆေးမှု ခံယူရန်တို့ ပါ၀င်ရမည်။
၁-၉။ ဆေးယဥ် ပါးသောတီဘီရောဂါအကြောင်း အသိပညာပေးခြင်း။
- မှန်ကန်သောဆေးတွဲ၊ တိကျသောဆေးပမာဏ၊ မှန်ကန်သောနည်းလမ်းနှင့် သတ်မှတ်ထားသော အချိန်ကာလအထိ မကုသလျှင် ဆေးများယဥ် ပါးသွားနိုင်ကြောင်း၊
- ဆေးယဥ် ပါးသောတီဘီကုသရာတွင် ဆေးအမျိုးအစားများလာပြီး ကာလကြာရှည်လာကြောင်း၊
- မိသားစုကိုလည်း ဆေးယဥ် ပါးသော တီဘီရောဂါကူးစက်နိုင်ကြောင်း။