ကလေးများသည် သလိပ်တွင် တီဘီပိုးပါရှိသည့် လူကြီးတီဘီဝေဒနာရှင်များ ထံမှ ရောဂါကူးစက် ခံရခြင်းဖြစ်သည်။ ရံဖန်ရံခါ ပြင်းထန်သောတီဘီရောဂါ ဖြစ်နိုင်သည်။ ကလေးတီဘီရောဂါသည် များသောအားဖြင့် ကူးစက်လေ့မရှိပါ။
၁။ ကလေးတွင် ဖြစ်ပွားသော ကနဦးတီဘီရောဂါ (Primary Complex)
အသက်ရှူလမ်းကြောင်းမှတဆင့် တီဘီပိုးသည် အဆုတ်တွင်းသို့ ပထမဦးဆုံးအကြိမ် ကူးစက် ရောက်ရှိသွားသောအခါ တီဘီပိုးရောက်ရှိသော အဆုတ်အစိတ်အပိုင်းတွင် ရောဂါဖြစ်ခြင်းနှင့် ၎င်းနှင့် ဆက်နွယ်လျက်ရှိသော လင့်အကျိတ်များ ကြီးထွားရောင်ယမ်းမှုကိုစုပေါင်း၍ ကနဦးတီဘီရောဂါဟု ခေါ်ဝေါ်သည်။
၂။ လူးစေ့တီဘီရောဂါ (Miliary TB)
တီဘီရောဂါပိုးများသည် သွေးကြောမှတဆင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အနှံ့အပြားသို့ ပျံ့ပွား ရောက်ရှိ ရောဂါဖြစ်ပွားပြီး လူနာအများစု၏ ရင်ခေါင်း ဓါတ်မှန်တွင် လူးစေ့များ ပြန့်ကြဲထားသကဲ့သို့ တွေ့ရှိရသောကြောင့် လူးစေ့တီဘီရောဂါ ဟုခေါ်သည်။ (အဆုတ်တီဘီအမျိုးအစား + အဆုတ်ပြင်ပ တီဘီ အမျိုးအစား (P+EP) ဖြစ်ပါသည်)
၃။ ကလေးတီဘီရောဂါလက္ခဏာများ
ကလေးတီဘီရောဂါတွင် ရောဂါလက္ခဏာများ ပီပီပြင်ပြင်မရှိတတ်ချေ။ ဖျားနာခြင်း၊ အစား အသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကိုယ်အလေးချိန်မတိုးခြင်း၊ မအီမသာဖြစ်ခြင်း (Malaise)၊ မောပန်းလွယ်ခြင်း (Easy Fatiguability)၊ ကဏှာမငြိမ်ဖြစ်ခြင်း (Irritability)တို့ ဖြစ်ပါသည်။
အောက်ဖော်ပြပါအနက် (၃) ခုအနက် (၂) ခုရှိနေပါက ကလေးတီဘီ ရောဂါဟု သတ်မှတ်နိုင်သည်။
(၁) ရက်သတ္တပတ် (၂) ပတ်ကျော်ဖျားနေခြင်း နှင့် (သို့မဟုတ်) ရက်သတ္တပတ် (၂) ပတ်ကျော် ချောင်းဆိုးခြင်း၊
(၂) ကိုယ်အလေးချိန်မတိုးခြင်း၊ လျော့သွားခြင်း (ပိန်သွားခြင်း)၊
(၃) မိသားစုတွင် တီဘီလူနာရှိခြင်း (သို့မဟုတ်) တီဘီလူနာနှင့် အနီးကပ်နေထိုင်ခြင်း၊