တီဘီရောဂါအကြောင်း / တီဘီရောဂါအမျိုးအစားများ
တီဘီရောဂါအမျိုးအစားများ (Types of TB)
၁။ တီဘီပိုး ကူးစက်ခံရခြင်း (Latent TB Infection)
- တီဘီပိုး (Mycobacterium Tuberculosis) လူ၏ခန္ဓာကိုယ်အတွင်းဝင်ရောက်ခြင်း ရောဂါ လက္ခဏာမပြပါ။
- ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်မှာ တီဘီပိုးကူးစက််ခံရပြီး ဖြစ်သည်။
၂။ သံသယ တီဘီလူနာ (Presumptive TB)
တီဘီဖြစ်နိုင်ခြေရှိသော ရောဂါလက္ခဏာများရှိခြင်း။
၃။ တီဘီရောဂါ (TB Case (or) TB Disease)
တီဘီရောဂါလက္ခဏာများရှိပြီး တီဘီဆေးကုသရန်လိုအပ်သောလူနာ။
တီဘီရောဂါအမျိုးအစားများ (Types of TB Disease)
၁။ တီဘီပိုးတွေ့ရှိမှု အပေါ် အခြေခံ၍ ခွဲခြားခြင်း
(က) M.tb ပိုးတွေ့ တီဘီရောဂါ (Bacteriologically Confirmed TB)
သံသယတီဘီလူနာ၏ သလိပ်နှင့်အခြားသော တီဘီရောဂါဖြစ်ပွားရာနေရာများမှ ထုတ်ယူရရှိသည့် specimen များတွင်အဏုကြည့် မှန်ဘီလူးအသုံးပြု၍ တီဘီပိုးကိုရှာဖွေခြင်း၊ ပိုးမွေးခြင်း၊ Gene Xpert စက်အသုံးပြု၍တီဘီပိုးရှာဖွေခြင်း တို့ဖြင့် တီဘီပိုး တွေ့ရှိရသော တီဘီရောဂါကိုဆိုလိုခြင်းဖြစ်သည်။
(က-၁) ဆေးတိုးသောတီဘီ/ ရိုးရိုးတီဘီ Drug Sensitive TB
(က-၂) ဆေးယဥ်ပါးတီဘီ Drug Resistant TB
ဆေးတိုးသောတီဘီ/ရိုးရိုးတီဘီမှာ – ပထမအဆင့် တီဘီဆေးများဖြစ်သော Isoniazid, Rifampicin, Pyrazinamide နှင့် Ethambutol စသည့်ဆေးများဖြင့် တီဘီပိုးများကို သေစေနိုင်ခြင်းကိုဆိုလိုသည်။
ဆေးယဥ်ပါးသောတီဘီမှာ – ၎င်းဆေးများအနက် Isoniazid နှင့် Rifampicin ဆေး(၂) မျိုးလုံးကိုယဥ်ပါးနေသော တီဘီရောဂါကိုဆိုလိုသည်။
(ခ) တီဘီပိုးမတွေ့ တီဘီရောဂါ (Clinically diagnosed TB)
ရင်ခေါင်းဓါတ်မှန်၊ တီဗွီဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်၊ တစ်ရှုးဗေဒ၊ အသားစဗေဒ စသည်တို့နှင့် စမ်းသပ်၍၎င်း၊ တီဘီရောဂါကုသမှု ရာဇဝင်နှင့် လက္ခဏာအရ တီဘီပိုး မတွေ့ သော်လည်း ဆရာဝန်တစ်ဦးမှ တီဘီဆေးကုရန်ဆုံးဖြတ်သည့် ရောဂါ ဖြစ်သည်။
၂။ ရောဂါဖြစ်ပွားသည့် ခန္ဓာကိုယ် နေရာအပေါ် အခြေခံ၍ ခွဲခြားခြင်း
(က) အဆုတ် တီဘီရောဂါ (Pulmonary TB-PTB)
အဆုတ်နှင့် Trachaeobronchial လေပြွန်တို့တွင် ဖြစ်သောတီဘီကို အဆုတ်တီဘီ (PTB) ဟုခေါ် သည်။
(ခ) အဆုတ်ပြင်ပ တီဘီရောဂါ (Extra- pulmonary TB – EPTB)
အဆုတ်နှင့် Trachaeobronchial လေပြွန်တို့တွင် ဖြစ်သော တီဘီမှ အပ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် ဖြစ်ပွားသော တီဘီရောဂါ (ဥပမာ – အကြိတ်တီဘီ၊ အူတီဘီ၊ အရိုးတီဘီ …… စသဖြင့် )ကို အဆုတ်ပြင်ပ တီဘီ (EPTB) ဟုခေါ်သည်။
လူနာတစ်ဦးတွင် အဆုတ်တီဘီနှင့် အဆုတ်ပြင်ပ တီဘီ နှစ်မျိုးစလုံးတစ်ပြိုင်နက် ဖြစ်ပွားနေလျှင် အဆုတ် တီဘီဟု သတ်မှတ်ရမည်။ သို့သော် (P+ EP) ဟုသာ ရေးပါ။ သို့မှသာ ပြင်းထန် EP အတွက် ဆေးကုသမှု ကာလ တစ်နှစ်ရရှိမည် ဖြစ်ပါသည်။
၃။ ယခင်က တီဘီဆေးကုသမှု ရာဇဝင်မှတ်တမ်းကို အခြေခံ၍ ခွဲခြားခြင်း
(က) တီဘီလူနာအသစ် (New Patient)
ယခင်က တီဘီဆေးကုသမှုမခံယူခဲ့ဘူးသူ (သို့) ကုသမှုခံယူခဲ့ဖူး သော်လည်း တစ်လ မပြည့်သူ။
(ခ) ယခင်က တီဘီဆေးကုသမှု ခံယူဖူးသည့် တီဘီလူနာ (Previously Treated Patient)
ယခင်က တီဘီဆေး ဆေးပတ်အပြည့် (သို့မဟုတ်) တစ်လထက်ပို၍ ကုသမှုခံယူခဲ့သည့် တီဘီလူနာများဖြစ်သည်။
၄။ HIV ပိုးအခြေအနေပေါ် အခြေခံ၍ ခွဲခြားခြင်း
(က) HIV Positive တီဘီလူနာ (HIV confirmation Test စမ်းသပ်မှုအရ (+) ve အဖြေ ရထားသော တီဘီ လူနာ)
(ခ) HIV Negative တီဘီလူနာ(ရက်သတ္တပတ်နှစ်ပတ်အတွင်း HIV Test (Negative) အဖြေ ရထားသော တီဘီလူနာ)
(ဂ) HIV Status Unknown တီဘီလူနာ (HIV Test မပြုလုပ်ရသေးသော/ငြင်းဆိုသော တီဘီလူနာ)