တီဘီရောဂါအကြောင်း / တီဘီရောဂါဆိုတာဘာလဲ
တီဘီရောဂါဆိုတာဘာလဲ (What is tuberculosis)
တီဘီရောဂါသည် တီဘီရောဂါ ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည်။ လူမှုစီးပွားရေး နှင့် ဆက်နွယ်သော ရောဂါတစ်မျိုး ဖြစ်သည်။ မျိုးရိုးလိုက်သော ရောဂါမဟုတ်ပါ။
လူတွင် တီဘီရောဂါ ဖြစ်စေသော တီဘီပိုးအုပ်စု အဓိက (၂) ခု ရှိပါသည်။
(က) Mycobacterium Tuberculosis Complex (M. tuberculosis, M. bovis, africanum) သည် ပုံမှန်အားဖြင့် လူတွင် တီဘီရောဂါဖြစ်စေသော တီဘီပိုးအုပ်စု ဖြစ်သည်။
(ခ) (MOTT Mycobacterium Other than Tuberculosis i.e. Opportunistic Mycobacteria) သည် ပုံမှန်အားဖြင့် လူတွင် တီဘီရောဂါ မဖြစ်စေ နိုင်ဘဲ၊ လူ၏ ကိုယ်တွင်းခုခံအား သိသိသာသာ ကျဆင်းမှသာ တီဘီရောဂါဖြစ်စေနိုင်သော တီဘီပိုး အုပ်စုဖြစ်သည်။
တီဘီရောဂါအမျိုးအစားများတွင် အဆုတ်တီဘီရောဂါသည် အများဆုံး (၈၀%)ခန့် တွေ့ရှိရပြီး ပြည်သူလူထုအတွင်း ရောဂါကူးစက်မှု အများဆုံးပေးသည့် ရောဂါ အမျိုးအစား ဖြစ်သည်။
တီဘီရောဂါသည် အဆုတ်ပြင်ပ ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြစ်သော အဆုတ်အမြှေး၊ အကျိတ်၊ ကျောရိုးမ၊ အရိုးအဆစ်၊ ဆီးလမ်းကြောင်းနှင့် မျိုးပွား အင်္ဂါအစိတ်အပိုင်း၊ ဦးနှောက်နှင့် အူလမ်းကြောင်း အင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်လေ့ရှိသည်။
HIV ရောဂါပိုးရှိသူများတွင် အဆုတ်တီဘီရောဂါသာမက အဆုတ်ပြင်ပတီဘီရောဂါလည်း အဖြစ် များသည်။ တီဘီရောဂါပိုးကူးစက်ခံရသောသူများတွင် HIV ပိုး၀င်ရောက်လာပါကတီဘီရောဂါဝေဒနာရှင် အဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားနိုင်ပါသည်။ ထို့ကြောင့် ပြည်သူလူထုအတွင်း HIV ပိုး၀င်ရောက် သူ များပြားလာပါက တီဘီလူနာများ ပိုမိုများပြားလာမည် ဖြစ်သည်။