ကျွန်ုပ်တို့သည် / မြန်မာနိုင်ငံ တီဘီရောဂါ ဖြစ်ပွားမှုအခြေအနေ

မြန်မာနိုင်ငံ၏တီဘီရောဂါ ဖြစ်ပွားမှုအခြေအနေ

       မြန်မာနိုင်ငံသည်  ကမ္ဘာ့တီဘီရောဂါ (ဆေးတိုးတီဘီ/ ဆေးယဉ်ပါးတီဘီ/ HIV ပိုးဒွန်တွဲတီဘီ) အဖြစ် အများဆုံး (၃၀) နိုင်ငံအတွင်း ပါဝင်လျက်ရှိပါသည်။ တီဘီရောဂါသည် မြန်မာနိုင်ငံ၏ ဉီးစားပေး ဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။         

       မြန်မာနိုင်ငံတွင် ခန့်မှန်း‌ခြင်းအားဖြင့် နှစ်စဉ်တီဘီရောဂါဝေဒနာရှင် (၁၉၀,၀၀၀) ကျော်ခန့်ရှိပြီး ၎င်းတို့အထဲမှ (၆၀,၀၀၀)ခန့်မှာ ပြည်သူလူထုအတွင်း ကူးစက်မှုအများဆုံးပေးနိုင်သော သလိပ်ပိုးတွေ့ အဆုတ်တီဘီလူနာများ ဖြစ်သည်။

        ၂၀၁၁ ခုနှစ် ဆေးရုံမှတ်တမ်းအစီရင်ခံစာအရ တီဘီရောဂါသည် သေဆုံးစေသည့် ရောဂါများ အနက် ဆဌမအများဆုံးနေရာတွင်ရှိပြီး အဖြစ်အများဆုံးရောဂါများအနက် သတ္တမနေရာတွင် ရှိနေပါ သည်။ (Source: 2011 Annual Hospital Statistic Report, Dept. Health Planning) ၂၀၁၇ ခုနှစ်တွင် Mortality အဆင့်(၁၀)နှင့် ရောဂါဖြစ်ပွားမှု Morbidity အဆင့် (၁၅) ဖြစ်သည်။ (Source: MOHS Webpage)

       မြန်မာနိုင်ငံအဝှမ်း စတုတ္ထအကြိမ်တီဘီရောဂါဆိုင်ရာစစ်တမ်း (၂၀၁၇-၂၀၁၈) အရ မြန်မာနိုင်ငံတွင် တီဘီရောဂါအသစ်ဖြစ်ပွါးမှုနှုန်းမှာ တစ်နိုင်ငံလုံး ၃၃၈/၁၀၀,၀၀၀ လူဦးရေ၊ ပြည်နယ် ၂၈၂/၁၀၀,၀၀၀၊ တိုင်းဒေသကြီး ၃၃၀/၁၀၀,၀၀၀နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၅၀၆/၁၀၀၀၀၀ ရှိကြောင်းတွေ့ရှိ ရပါသည်။ Global TB Report (2019) အရ မြန်မာနိုင်ငံ၏ ၂၀၁၈ TB Incidence Rate မှာ ၃၃၉/၁၀၀,၀၀၀ ဖြစ်ပြီး တီဘီသေဆုံးနှုန်းမှာ ၃၉/၁၀၀,၀၀၀ လူဦးရေ ဖြစ်ပါသည်။

       လက်ရှိအ‌ခြေအနေတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသည် တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ တီဘီလူနာရှာဖွေကုသမှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် (၁၃၉,၆၂၅) ဦး၊ ၂၀၁၇ခုနှစ်တွင် (၁၃၂,၀၂၅)ဦး၊ ၂၀၁၈ ခုနှစ်တွင် (၁၃၆,၀၃၉)ဉီး နှင့် ၂၀၁၉ ခုနှစ်တွင် (၁၃၄,၁၂၀)ဉီး၊ စုစုပေါင်းတီဘီလူနာ (၅၄၁,၈၀၉)ဦးအား အခမဲ့ ရှာဖွေကုသပေးနိုင်ခဲ့ပြီး ပျမ်းမျှဆေးကုသမှုအောင်မြင်နှုန်း (၈၇%) ရရှိခဲ့ပါသည်။

        ဆေးယဉ်ပါးတီဘီလူနာကုသမှုအနေဖြင့် ၂၀၁၆ ခုနှစ်၌ (၂,၅၅၆)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၂,၆၉၁)ဦး၊ ၂၀၁၈ ခုနှစ် တွင် (၂,၈၀၂)ဦး၊ ၂၀၁၉ ခုနှစ်တွင် (၂၈၉၁)ဦးတို့ကို အခမဲ့ ဆေးကုသမှုပေးနိုင်ခဲ့ပါသည်။ ဆေးယဉ်ပါးတီဘီ ပျမ်းမျှဆေးကုသမှုအောင်မြင်နှုန်း (၈၀%) ရရှိခဲ့ပါသည်။

၁၉၉၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တီဘီလူနာများ နှစ်အလိုက် ရှာဖွေကုသပေးခဲ့မှုအခြေအနေပြပုံ