Activities / တီဘီလူနာများအား ရှာဖွေဖော်ထုတ်ခြင်း နှင့် ဆေးဝါးကုသမှုပေးခြင်း

ရောဂါရှာဖွေခြင်း (Case Finding)

ရောဂါရှာဖွေခြင်း (၂)မျိုး ရှိသည်။

  1.           – Passive Case Finding (PCF)
  2.           – Active Case Finding (ACF)

(က)   Passive Case Finding ဆိုသည်မှာ ကျန်းမာရေးဌာနသို့ လာပြသောလူနာများမှ တီဘီ သံသယရှိသူများအား သလိပ်စစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ Gene Xpert စက်ဖြင့် စစ်ဆေးခြင်းများပြုလုပ်၍ တီဘီရောဂါရှာဖွေခြင်းဖြစ်သည်။ တတ်နိုင်သမျှ အများဆုံးရှာ ဖွေတွေ့ရှိ ကုသရန် ဆောင်ရွက်လျက်ရှိပါသည်။

(ခ)    Active Case Finding တွင် ကျန်းမာရေးဝန်ထမ်း/ စေတနာ့ဝန်ထမ်းက လူထုအတွင်း ကွင်းဆင်း၍ သံသယတီဘီလူနာများအား သလိပ်စစ်ဆေးခြင်း + ဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် တီဘီရောဂါ ရှာဖွေခြင်းဖြစ်သည်။တီဘီလူနာရရှိရန် အောက်ပါနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရှာဖွေလျက်ရှိသည်။

ကျေးရွာရပ်ကွက်များမှ စေတနာ့၀န်ထမ်းများရွေးချယ်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကျန်းမာရေး အဖွဲ့နှင့် ရပ်မိရပ်ဖများပါ၀င်သော အဖွဲ့မှ စိစစ်ရွေးချယ်ပြီး သက်ဆိုင်ရာသင်တန်း များပေး၍ လုပ်ငန်းဆောင်ရွက်စေခြင်းဖြစ်ပါသည်။

          ကျန်းမာရေးဌာနများမှ မွေးထုတ်ထားသော စေတနာ့ပြည်သူ့ကျန်းမာရေးလုပ်သား  (CHW) များနှင့် ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများကလည်း စေတနာ့ ၀န်ထမ်းများ ရွေးချယ်၍ ဆောင်ရွက်လျက်ရှိပါသည်။

သံသယတီဘီလူနာများရှာဖွေရန် နည်းလမ်းများ

(Identification of presumptive TB)

        ရက်သတ္တ (၂)ပတ်နှင့်အထက် ချောင်းဆိုးသည့်လူများနှင့် အခြားတီဘီလက္ခဏာရှိသူများကို သံသယတီဘီလူနာဟု သတ်မှတ်ပြီး ၎င်းတို့၏ သလိပ်တွင် တီဘီပိုးများ ရှိ/မရှိ အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်းနှင့် ရင်ခေါင်းဓါတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ယခုအခါတွင် သလိပ်ကို Gene Xpert စက်ဖြင့် တီဘီပိုး ရှိ/မရှိ စစ်ဆေးနိုင်သည့် အပြင် Rifampicin ဆေးယဉ်ပါးမှု ရှိ/မရှိကိုပါ စစ်ဆေးပေးနိုင်သဖြင့် အလွန်အသုံးဝင်ပါသည်။ Gene Xpert စက်ကို တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်အားလုံးနှင်‌့ မြို့ကြီးအချို့တွင် ထားရှိနိုင်ရန် တဖြည်းဖြည်းတိုးချဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ပြင်ပလူနာဌာနတွင် တီဘီရောဂါလက္ခဏာ စစ်ဆေးခြင်း

       ကျန်းမာရေး၀န်ထမ်းများအနေဖြင့် မည်သည့်အကြောင်းဖြင့်ဖြစ်စေ ကျန်းမာရေးဌာနသို့ လာရောက်ပြသသော လူနာများအား အောက်ပါမေးခွန်း (၂)ခုတို့ကို မေးရမည်။

(၁)    တီဘီလူနာနှင့် အတူနေဘူးပါသလား။

(၂)     သင်ချောင်းဆိုးနေပါသလား။

(၃)    ချောင်းဆိုးနေတာ ဘယ်လောက်ကြာပြီလဲ။ အကယ်၍ (၂)ပတ်နှင့်အထက် ချောင်းဆိုးနေပါက တီဘီရောဂါရှိ/မရှိ စစ်ဆေးရန် ညွှန်ကြားရမည်။

(၄)    အခြားတီဘီရောဂါလက္ခဏာများ  ရှိ/မရှိကိုလည်း မေးရမည်ဖြစ်သည်။ ချောင်းဆိုး ပါသည်ဟု ပြောသောလူနာများကိုသာ တီဘီရှိ/မရှိ စစ်ဆေးလျှင် တီဘီသံသယလူနာ များ၏ ထက်ဝက် (၅၀)ရာခိုင်နှုန်း ခန့် လွတ်သွားနိုင်သည်။

       သလိပ်စစ်ဆေးခြင်းအတွက် အနီးဆုံးသလိပ်စစ်ဆေးပေးသည့်ဌာနသို့ လူနာကိုယ်တိုင်ဖြစ်စေ (သို့) ကျန်းမာရေးဝန်ထမ်း/စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ/ ဆွေမျိုးမိသားစုဝင်များ/ ရပ်ရွာ အတွင်းရှိ လူမှုရေးအဖဲွ့အစည်းများမှ လူနာ၏သလိပ်ခွက်များကို ပေးပို့ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ပါ သည်။

အတူနေသူများကို ကျန်းမာရေး စစ်ဆေးခြင်း

(Contact tracing and Examination)

        Household Contact ဆိုသည်မှာ သတ်မှတ်တီဘီလူနာနှင့် တစ်မိုးအောက်၌ အတူနေသူများကို ဆိုလိုသည်။ တီဘီရောဂါကူးစက်ခြင်းခံရနိုင်သော အတူနေ Contact များကို သိရှိနိုင်ရန် ကျန်းမာရေး ၀န်ထမ်းများနှင့် တိုက်ရိုက်ကြည့်ရှု ဆေးတိုက်ကျွေးသူများမှ မှတ်ပုံတင်ကုသလျက်ရှိသော သတ်မှတ်တီဘီ လူနာများအားလုံး၏အိမ်သို့ တီဘီဆေးစတင်ကုသချိန်မှ တစ်လအတွင်းတွင် အိမ်တိုင်ယာရောက် Initial Home Visit သွားရောက်ရမည်။ Household Contact များကို ချောင်းဆိုးခြင်း ရှိ/မရှိ အခြားတီဘီလက္ခဏာများ ရှိ/မရှိ မေးမြန်း၍ ကျန်းမာရေးစစ်ဆေးပေးရမည်။ သံသယတီဘီ လက္ခဏာရှိသော Contact များကို တီဘီရောဂါရှိမရှိ စစ်ဆေးရန် စည်းရုံးခေါ်ဆောင် စစ်ဆေးပေးရမည်။ လူနာအိမ်အနီးပတ်၀န်းကျင်ရှိ ချောင်းဆိုးနေသူများအားလည်း စစ်ဆေးပေးရမည်။) အသက် (၅)နှစ်အောက်ကလေးများအားလုံးနှင့် သက်ကြီးရွယ်အိုများကို လည်း ရောဂါ ရှိ/မရှိ သိရန်စစ်ဆေး ပေးရ မည်။ (၅)နှစ်အောက် ကလေးများတီဘီရောဂါမရှိပါက ငုတ်လျှိုးတီဘီ ကုသပေးရပါမည်။

        ရောဂါလက္ခဏာမရှိသော်လည်း အတူနေသူများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေးမှုကို (၆)လမှ (၁)နှစ်အထိ စစ်ဆေးဆောင်ရွက်ပေးသင့်ပါသည်။စံကိုက်ဆေးယဉ်ပါးတီဘီလ(၂၀)ကုထုံးတွင် (၆)လတစ်ကြိမ်ဖြင့် (၄)ကြိမ် စစ်ဆေးရမည်။ဆေးယဉ်ပါးတီဘီအချိန်တို(၉-၁၁)လကုထုံး တွင် (၃)လတစ်ကြိမ်ဖြင့် (၄)ကြိမ် စစ်ဆေးရမည်။

သလိပ်စစ်ဆေးခြင်း (Sputum Examination)နှင့် ရင်ခေါင်းဓါတ်မှန်ရိုက်စစ်ဆေးခြင်း

သလိပ်နမူနာ (၂)ခုကို (၂)ရက်အတွင်း တောင်းခံရမည်။ သလိပ်နမူနာ (၂)ခုအနက် တစ်ခုသည် နံနက်စောစောထွေးသည့် သလိပ်တစ်ခွက်ဖြစ်ရပါမည်။ (One spot and one early morning home collection)

ပထမနမူနာ –       ကျန်းမာရေးဌာနသို့အရောက်တွင် ထွေးခိုင်းသော သလိပ်ဖြစ်ရပါမည်။ (လူနာနှင့် စတင်တွေ့ရှိသည့်နေ့တွင် ချက်ချင်းထွေးခြင်း)။

ဒုတိယနမူနာ       –       သလိပ်ခွက်တစ်ခုကို လူနာအားပေးလိုက်ပြီး နောက်တစ်နေ့ နံနက် စောစော တွင် သလိပ်ခံခိုင်းခြင်း။

ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း (CXR) ကိုလည်း သလိပ်စစ်ခြင်းနှင့်အတူ တပြိုင်တည်း ဆောင်ရွက်နိုင်ပါသည်။ အ‌ခြေအနေပေးပါက ဆေးမကုသမီ/ဆေးစတင်ကုသချိန် နှင့် ဆေးကုသမှု ပြီးဆုံးခါနီးတွင် (CXR) ရိုက် ၍ result (1= mild, 2=moderate, 3=severe)ကို မှတ်တမ်း တင်သင့် ပါသည်။

အရေးကြီးသောအချက်များ

  • ပို၍ကောင်းမွန်သော အဖြေရရှိစေရန် သလိပ်ကို ကျန်းမာရေးဌာနတွင် စောင့်ကြပ်ကြည့်ရှု ထွေးခိုင်းရမည်။
  • သလိပ်ကို ‌ေလ၀င်လေထွက် ကောင်းသောအခန်း/နေရာတွင် ထွေးသင့်သည်။
  • သလိပ်နမူနာ (၂)ခုကို ဖြစ်နိုင်ပါက ဆက်တိုက် (၂) ရက်အတွင်း ယူရမည်။

လူနာနှင့်တွေ့ဆုံသည့်အခါ

  • သလိပ်စစ်ဆေးရသည့် အကြောင်းရင်းကို ရှင်းပြပါ။
  • သလိပ်နမူနာ (၂)ခုကို စစ်ဆေးသင့်ကြောင်း ပြောပြပါ။
  • လူနာများအား လေကို၀အောင်ရှူပြီးနောက် ရင်ခေါင်းတွင်းမှ သလိပ်ဟပ်ပုံကို သင်ပြပေးရ မည်။
  • သလိပ်ခွက်၏ ဘေးဘက်တွင် ပေကျံခြင်းမဖြစ်စေရန် လူနာအားသလိပ်ကိုခွက်ထဲ သေချာ ရောက်အောင် ထွေးထည့်ခိုင်းပါ။

သလိပ်ခံယူပုံ သင်ပြစဥ် 

  • သလိပ်ကို ဟပ်မထုတ်မီ ပါးစပ်ကို ရေဖြင့်သေချာစွာ အာလုပ်ကျင်းရန်၊
    • သလိပ်ဟပ်ထုတ်နေသူ၏ ရှေ့တည့်တည့်တွင် အခြားသူများ မရှိရန်၊
    • တံတွေးမဟုတ်၊ သလိပ်ပါအောင် ထွေးပေးရန် ရှင်းပြပါ။

သလိပ်နမူနာ(သို့) လူနာအား သလိပ်စစ်ဆေးရန် ဌာနသို့လွှတ်စဥ်    

  • လူနာ၏သလိပ်ခွက်တွင် သလိပ်အခဲ ပါမပါ အဖုံးဖွင့်၍ စစ်ဆေးကြည့်ရှုရန်၊ ပြီးလျှင် အဖုံးကို အရစ်ကျပိတ်ပြီး လက်ဆေးရန်။
  • Request for examination of biological specimen for TB ကို ဖြည့်ပေးရန်။
  • သလိပ်ခွက်၏ (အဖုံးပေါ်တွင်မဟုတ်ဘဲ) ဘေးဘက်တွင် အမည်၊ အသက်နှင့် နေ့စွဲကို ရေးပေးရန်၊
  • သလိပ်နမူနာကို ချက်ချင်းမပို့နိုင်ပါက အေး၍မှောင်သောနေရာတွင် သေချာစွာ ထိန်းသိမ်း ထားရန်၊ နောက်နေ့တွင် သလိပ်နမူနာ လာပို့ရမည့်နေရာကို တိကျစွာ ပြောကြားရန်။

သလိပ်နမူနာကို ပို့သည့်အခါ

  • သလိပ်စစ်ဆေးရန် လူနာကိုယ်တိုင်မသွားနိုင်ပါက အ‌ခြေခံကျန်းမာရေး၀န်ထမ်းများ စေတနာ့ ၀န်ထမ်းကျန်းမာရေးလုပ်သားများ၊ ဆွေမျိုးမိသားစုနှင့် ရပ်ရွာအတွင်းရှိ လူမှုရေးအဖွဲ့ အစည်းများမှ သလိပ်နမူနာ (၂)ခုကို တစ်ကြိမ်တည်းသာ ပေးပို့ရမည်။
  • ခရီး‌ဝေးမှဖြစ်ပါက (သို့) သလိပ်ပိုးမွေးရန် မလိုအပ်ပါက သလိပ်ခွက်တွင် ၀.၅ % ဖီနီး(ဖီနော) (၃)စက်ကို ထည့်ပြီးနောက် သလိပ်ခံယူ ပေးပို့ရမည်။
  • (၄၈) နာရီ မှ (၇၂)နာရီအတွင်း သလိပ်မှန်ဘီလူးကြည့်မည့်နေရာသို့ အရောက်ပို့ရမည်။

 

ဖီနီး (ဖီနော) ၀.၅% ဖျော်နည်းမှာ

        ဘီပီဖီနီး (၅) စီစီကို ရေ (၉၅) စီစီဖြင့်ရောလျှင် ၅% ဖီနီး (ဖီနော) ရရှိမည်ဖြစ်ပါသည်။ ၎င်းနောက် ရရှိလာသော ၅% ဖီနီးဖျော်ရည် တစ်စီစီကို ရေ (၉)စီစီနှင့် ရောလျှင် ၀.၅% ဖီနီးရရှိမည် ဖြစ်ပါသည်။ တစ်ကြိမ်ဖျော်ပြီးပါက (၂) ရက်အတွင်းသာ အသုံးပြုနိုင်ပါသည်။

 

 သလိပ်ခွက်ပေးပို့ရမည့် အ‌ခြေအနေများ

        (၁)    လူနာကိုယ်တိုင် အကြောင်းတစ်ခုခုကြောင့် မလာရောက်နိုင်ခြင်း၊

        (၂)    လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာများမှ လူနာဖြစ်ခြင်း၊၊

        (၃)    Sputum Collection Centre မှပေးပို့ခြင်း၊

 

သလိပ်အ‌ဖြေထုတ်ပေးခြင်း

မြို့နယ်ဓါတ်ခွဲဌာနမှ သလိပ်အဖြေကို အမြန်ဆုံးထုတ်ပေး၍ မြို့နယ်ကျန်းမာရေးဦးစီးမှူး သို့မဟုတ် တီဘီရောဂါလုပ်ငန်းညှိနှိုင်းဆောင်ရွက်ပေးမည့်သူ (TB Coordinator) မြို့နယ်တီဘီရောဂါ တိုက်ဖျက်ရေးတာ၀န်ခံထံသို့ အကြောင်းကြားရမည်။ သလိပ်လာရောက်ပေးပို့သူမှသော်လည်းကောင်း၊ သက်ဆိုင်ရာအပိုင် ကျန်းမာရေး၀န်ထမ်းမှသော်လည်းကောင်း သလိပ်အ‌ဖြေကို ရယူရမည်။ သလိပ်ပိုး တွေ့ပါက တီဘီလူနာကိုဆက်သွယ်ခေါ်ယူ၍ ဆေးကုသမှုခံယူနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးရမည်။

        သလိပ်နမူနာကို အဏုကြည့်မှန်ဘီလူးဖြင့် ကြည့်ရှုစစ်ဆေး၍ သလိပ်တီဘီပိုးတွေ့ရှိ/မတွေ့ရှိ စသည်ဖြင့် အ‌ဖြေထုတ်ပေးမည်ဖြစ်ပါသည်။ ယခုအခါ Gene Xpert စက်များ အသုံးပြု၍လည်း M.tb ရှိ/မရှိ နှင့် Rif Resistant ကိုပါ အ‌ဖြေထုတ်ပေးနိုင်ပါသည်။

        မှတ်ပုံတင်ကုသသည့်လူနာများမှ Gene Xpert စစ်ဆေးသင့်သူများမှာ –

        (၁) ပြန်ကုတီဘီလူနာ (All retreatment cases)

        (၂) အဆုတ်တီဘီလူနာ(All pulmontary TB)  

        (၃)ကြပ်မတ်ကုကာလ (၂လ/၃လ)သလိပ်ပြန်စစ်ရာတွင်သလိပ်ပိုးတွေ့လူနာ (Non converter)

        (၄) ဆီးချို, သွေးချိုရှိ မှတ်ပုံတင်ကုသနေသည်‌့ တီဘီလူနာ

        (၅) HIV ပိုးတွေ့နှင့် ဆေးယဥ်ပါးတီဘီ နှင့် အတူနေသည့် သံသယ တီဘီလူနာ

        (၆) ဆေးယဥ်  ပါးတီဘီ ကော်မတီမှ လိုအပ်၍ စစ်ဆေးသည့် လူနာ

 မှတ်ချက်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ မှတ်ပုံတင်ကုသသည့် တီဘီလူနာများအားလုံးကို Gene Xpert စစ်ဆေးပါသည်။ ဤ Gene Xpert စစ်ဆေးသင့်သူများမှာ အချိန်နှင့်လိုက်၍ ‌ပြောင်းနိုင်ပါသည်။

(ဤညွှန်ကြားချက်များသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲ နိုင်ပါသည်။)

 

အဆုတ်တီဘီရောဂါဖော်ထုတ်ရာတွင် ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း၏အခန်းကဏ္ဍ

        ယခုအခါ ရင်ခေါင်းဓါတ်မှန်ရိုက်၍ စစ်ဆေးခြင်းသည် တီဘီရောဂါရှာဖွေခြင်းတွင် အရေးပါ၍ လာပါသည်။ သို့သော် CXR တစ်ခုတည်းဖြင့် တီဘီရောဂါဖြစ်သည်ဟု မဆုံးဖြတ်သင့်ပါ။ အခြားအဆုတ် ရောဂါများနှင့် မှားနိုင်ပါသည်။ ဆေးကုသရန်မလိုအပ်သောတီဘီအနာရွတ် (Healed TB) ကို ဆေးကုသ ရန်လိုအပ်သော (Active TB)နှင့် မှားနိုင်ပါသည်။ သလိပ်ပိုးမတွေ့သော တီဘီလူနာများအတွက် ရောဂါ ရှိ/မရှိ ဆုံးဖြတ်ရာ၌ ရင်ခေါင်းဓါတ်မှန်အ‌ဖြေနှင့် တီဘီသံသယလက္ခဏာများ၊ TB contact history နှင့် clinical sign and symptom  တို့အပေါ်ကို မူတည်၍  ဆုံးဖြတ်ရပါ မည်။

        ကလေးတီဘီသံသယလူနာများကို ဓါတ်မှန်ရိုက်ပေးရန် လိုအပ်ပါသည်။ အဆုတ်အညှာရှိ လင့် ကျိတ်များ သိသိသာသာကြီးနေခြင်း၊ အဆုတ်တွင်လည်း မသင်္ကာဖွယ်ရာအရိပ်များ ရှိနေတတ်ခြင်း၊ Miliary TB လူးစေ့တီဘီဟုခေါ်သော အစက်အပြောက်များ အဆုတ်နှစ်ဖက်လုံးတွင် ပျံ့နှံ့နေခြင်း၊ အဆုတ်တွင် ရေဝင်သောလက္ခဏာများတွေ့နိုင်ခြင်းနှင့် တစ်ခါတရံ လူကြီးများတွင်တွေ့ရသော အရိပ်များ ကဲ့သို့တွေ့ရှိနိုင်ခြင်းတို့ကြောင့် ဓါတ်မှန်ရိုက်ခြင်းကဏ္ဍသည် ကလေးများအတွက်လည်း အရေးပါပါသည်။

 

တီဘီလူနာများအား အိပ်ချ်အိုင်ဗွီပိုးရှိ/မရှိနှစ်သိမ့်ဆွေးနွေးပညာပေး၍ စစ်ဆေးပေးခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အပြည်ပြည်ဆိုင်ရာတီဘီရောဂါစောင်‌့ရှောက်မှု စံအရ အိပ်ချ်အိုင်ဗွီရောဂါဖြစ်ပွားတွေ့ရှိနှုန်း(၁%)အထက်ရှိသော အိပ်ချ်အိုင်ဗွီ ရောဂါအဖြစ်များသောနိုင်ငံ များ တွင် တီဘီလူနာတိုင်းအား HIV/AIDS ရောဂါအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးသည့်လုပ်ငန်း များကိုဆောင်ရွက်ကြရန် ချမှတ်ထားပါသည်။ HIV/AIDSရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာ ရပ်တွင်ဦးစားပေးရောဂါဖြစ်သည့်အပြင် အမျိုးသားရေးအသွင်ဖြင်‌့ နှိမ်နင်းဆောင်ရွက်ရမည့် ကူးစက် ရောဂါလည်းဖြစ်ပါသည်။

တီဘီလူနာအသစ်များတွင် HIV ရောဂါဖြစ်ပွားနှုန်းကို အမြဲမပြတ်စောင်‌့ကြပ်ထောက်လှမ်း လျက် ရှိရာ (၂၀၁၈)ခုနှစ်၌ တီဘီလူနာအသစ်များတွင် HIVရောဂါပိုးတွေ့ရှိနှုန်းမှာ(၉.၂%)ရှိကြောင်း တွေ့ရှိရပါ သည်။

        တီဘီရောဂါနှင့် HIV ရောဂါဖြစ်ပွားမှုသည် ဆက်နွယ်နေပါသည်။ အိပ်ချ်အိုင်ဗွီပိုးရှိနေသူသည် တီဘီရောဂါပိုးကို ရှူရှိုက်မိရာမှ တီဘီရောဂါပိုး ဝင်ရောက်ခံစားရပြီး၊  တီဘီရောဂါဖြစ်ပွားလာရပါသည်။ ဘဝတစ်သက်တာတွင် တီဘီရောဂါဖြစ်ပွားနိုင်ရန်အခွင့်အလမ်းမှာ HIV ပိုးရှိသူသည် HIV ပိုးမရှိသူနှင့် နှိုင်းယှဥ်  ပါက (၅) ဆမှ (၁၀) ဆပိုမိုဖြစ်ပွားနိုင်ပါသည်။ 

ယခင်က HIV ပိုးကူးစက်ခံထားရသူများအတွက် ကုသရန်ဆေးမရှိသော်လည်း ယခုအခါ ARV (Anti-retro viral drugs) ဆေးများရရှိလာသဖြင့် HIV ရောဂါကြောင့် သေဆုံးမှုကို ထိန်းချုပ် ဟန့်တားနိုင်ပြီဖြစ်ပါသည်။ တီဘီလူနာအားလုံးကို HIV ရောဂါနှင်‌့ပတ်သက်၍ နှစ်သိမ့်ဆွေးနွေး ပညာပေးပြီး၊ HIV ပိုးရှိ/မရှိ စစ်ဆေးပေးခြင်းဖြင့် ရောဂါကာကွယ်ကုသခြင်းနှင်‌့ ပြုစုစောင်‌့ရှောက်ခြင်းတို့ ကို တပြိုင်တည်းရရှိနိုင်မည်ဖြစ်ပါသည်။

တီဘီလူနာများအား HIV/AIDS ရောဂါအတွက် နှစ်သိမ့်ဆွေးနွေ့းပညာပေးဆောင်ရွက်ခြင်းဖြင်‌့ တီဘီလူနာများသည် HIV/AIDSရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်လာမည်။ HIVရှိသူ တီဘီ လူနာသည် မိမိဘဝတစ်သက်တာတွင် အကောင်းဘက်မှနေထိုင်ရေးကို တွန်းပို့ပေးနိုင်သည့် အမူအကျင့် တို့ကို ပြောင်းလဲလာနိုင်မည်။ မိသားစုအတွင်းရောဂါပျ့ံ့နှံ့ကူးစက်မှုကို တားဆီးနိုင်မည် ဖြစ်သည်။

တီဘီလူနာများအား HIV ရောဂါရှိ/မရှိ စစ်ဆေးလျှင် အရေးကြီးဆုံးမှာ “C” လေးလုံး (Counseling, Confidentiality, Consent and confirmation test) ဖြစ်ပါသည်။

 

နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (Counselling)

HIV/AIDS counseling နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆောင်ရွက်ရာတွင် လူနာတစ်ဦး ချင်းစီအတွက် HIV testing မပြုလုပ်မီနှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (Pre Test Counseling)၊ အဖြေရပြီးနောက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (Post Test Counseling) နှင့် Follow up Counseling တို့ကိုပြုလုပ်ပေးရမည်။ လူနာတိုင်းအတွက် လုံခြုံစိတ်ချရသောနေရာတွင် နှစ်သိမ့် ဆွေးနွေးခြင်းပြုလုပ်ရန်၊ လုံလောက်သောအချိန်ပေး၍ လူနာကို ဂရုစိုက်မှုပြသရန်၊ လူနာနားလည် နိုင်မည်‌့စကားလုံးများကိုသာသုံး၍ အသိပညာပေးရန်၊ လူနာအပေါ်တွင် အကောင်းမြင်သည့် သဘော ထား ရှိရန်တို့လိုအပ်ပါသည်။

 

သူတစ်ပါးမသိအောင်လျှို့ဝှက်ချက်ကိုလုံခြုံစွာထိန်းသိမ်းခြင်း (Confidentiality)

 နှစ်သိမ့်ဆွေးနွေးပညာပေးသူသည် လူနာ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို  တစ်ပါးသူ မသိအောင်ထိန်းသိမ်းရန်လည်းအထူးလိုအပ်ပါသည်။

သဘောတူညီချက်ရယူခြင်း(Consent)

HIV ရှိ/မရှိ စစ်ဆေးရန် Pre test counseling လုပ်ချိန်တွင်လူနာသည် HIV စစ်ဆေးခြင်း ကိုငြင်းဆိုခွင့်ရှိသည်။ လူနာ၏သဘောတူညိီချက်ရမှHIVစစ်ဆေးခြင်းကို ပြုလုပ်ဆောင်ရွက်ရမည်။

HIV စစ်ဆေးသည်‌့နည်းလမ်း

        HIV ပိုးဝင်ရောက်ကူးစက်ခြင်း ရှိ/မရှိသိနိုင်ရန်စစ်ဆေးသည့်နည်းလမ်းသည် HIV antibody နှင့် HIV antigen တို့ကို ဖော်ထုတ်သည့်အပေါ်တွင် အခြေခံပါသည်။ သွေးထဲမှ HIV antibody ကို စစ်ဆေးသည့်နည်းလမ်းနှင့် ပတ်သက်၍ အခြေခံအားဖြင့် (၂) မျိုးရှိပါသည်။

(က) ကနဦးစစ်ဆေးခြင်း (Screening or Initial test)

        HIV antibody ကိုသွေးထဲမှာတွေ့ရှိကြောင်း ကနဦးဖော်ထုတ်သည့် စစ်ဆေးချက်ဖြစ်ပါ သည်။

(ခ) အပိုဆောင်းစစ်ဆေးခြင်း (Confirmatory or Supplemental test)

        ကနဦးစစ်ဆေးချက်တွင် HIV antibody ရှိပါက Comfirmation အတွက် STAT-PAK နှင်‌့ Uni Gold ဖြင့် တပြိုင်တည်း ထပ်မံစစ်ဆေးရမည်။

HIV ပိုးရှိ/မရှိစစ်ဆေးနိုင်သောနေရာများ

(၁) မြို့နယ်ဆေးရုံများရှိဓါတ်ခွဲခန်းများတွင်လည်းကောင်း၊

(၂) PMCT (prevention of mother to child transmission) ပြုလုပ်နေသောမြို့နယ် များရှိ သားဖွားဆရာမများထံတွင်လည်းကောင်း၊

(၃) တီဘီရောဂါတိုက်ဖျက်ရေးဌာနများတွင်လည်းကောင်းစစ်ဆေးနိုင်ပါသည်။ 

 

တီဘီလူနာများအား ဆီးချိုသွေးချိုရောဂါရှိ/မရှိစစ်ဆေးခြင်း

       ဆီးချိုသွေးချိုရောဂါကဲ့သို့ ကိုယ်ခန္ဓာခုခံအားကျဆင်းစေသော နာတာရှည် ရောဂါ များသည် တီဘီရောဂါပိုးကူးစက်ခံထားရသည့်လူနာများ (Latent TB Infection) ကို တီဘီရောဂါ (Active TB disease) ဖြစ်ပွားစေပါသည်။ ဆီးချိုသွေးချိုလူနာများသည် တီဘီရောဂါဖြစ်ပွားရန် ဆီးချိုသွေးချိုရောဂါမရှိသူများထက် (၂) ဆမှ (၃) ဆအထိ ပို၍များပါသည်။ ကမ္ဘာနှင့်အဝှမ်းရှိ တီဘီ လူနာ(၁၀)%ခန့်မှာလည်းဆီးချိုသွေးချိုရောဂါရှိနေကြောင်း၊ဆီးချိုသွေးချိုလူနာ(သို့မဟုတ်)တီဘီလူနာအများစုမှာလည်း ရောဂါရှာဖွေတွေ့ရှိမှုမရှိခြင်း  (သုိ့မဟုတ်) ရောဂါရှာဖွေတွေ့ရှိမှု နောက်ကျခြင်းတို့ရှိ နေကြောင်းတွေ့ရှိရပါသည်။ ရောဂါဆောလျင်စွာရှာဖွေတွေ့ရှိခြင်းဖြင့် ရောဂါနှစ်မျိုးလုံးကို ပိုမိုထိန်းချုပ် နိုင်စွမ်းရှိလာမည်ဖြစ်သည်။

ဆီးချိုသွေးချိုရောဂါသည် တီဘီရောဂါ၏ နောက်ဆက်တွဲဖြစ်စဥ်များကိုပို၍ဆိုးဝါးစေပြီး၊ တီဘီ ရောဂါသည်လည်း ဆီးချိုသွေးချိုရောဂါရှိ သောလူနာများ၌ သွေးတွင်းသကြားဓါတ် ထိန်းချုပ်ခြင်းကို ပို၍ခက်ခဲစေပါသည်။  နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အစားအသောက်ပုံစံပြောင်းလဲလာ ခြင်းတို့ကြောင့် တီဘီရောဂါအဖြစ်များလျက်ရှိသည့် တိုင်းပြည်ဝင်ငွေနည်းသော (သို့မဟုတ်) တိုင်းပြည်ဝင်ငွေ အလယ် အလတ်သာရှိသောနိုင်ငံများတွင်ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းမြင်‌့မားလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ကမ္ဘာနှင့်အဝန်း ဆီးချို သွေးချိုရောဂါဖြစ်ပွားလျက်ရှိသော တီဘီ လူနာအရေအတွက်မှာလည်း များပြားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ရောဂါနှစ်မျိုး တစ်ပြိုင် တည်းဖြစ်ပွားနေခြင်းသည် အဓိကပြဿနာတစ်ရပ် အဖြစ်တည်ရှိနေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ကြီးထွားလျက်ရှိသော စိန် ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တီဘီရောဂါနှင်‌့ ဆီးချိုသွေးချိုရောဂါတိုက်ဖျက်ရေးအတွက် “Union Framework for Collaborative activities” စာအုပ်ကို (၂၀၁၁)ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့ ပါသည်။ ၄င်းစာအုပ်တွင်အဓိကအားဖြင့်  တီဘီလူနာများအား ဆီးချိုသွေးချိုရောဂါ ရှိ/မရှိ စစ်ဆေး ဖော်ထုတ်ကုသပေးရန်နှင့် ဆီးချိုသွေးချိုလူနာများအား တီဘီရောဂါရှိ/မရှိစစ်ဆေး၍ဆောလျင်စွာ ရှာဖွေ ကုသပေးရန်ဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ   

သို့ဖြစ်ပါ၍ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ချေများသောအသက်အရွယ်ဖြစ်သည့် အသက် (၄၀)နှစ် အထက် တီဘီလူနာများအား ဆီးချိုသွေးချိုရောဂါရှိ/မရှိကို စစ်ဆေးသင့်ကြောင်း တိုက်တွန်း၍ လိုအပ်‌ သောကုသမှုကို စောလျင်စွာခံယူနိုင်ရန်ဆီးချိုသွေးချိုကုသသော သမားတော်များရှိ သည့်ဆေးရုံများသို့ ညွှန်းပို့ရမည်။